Writing in Brahmi alphabet found--Brahmi was Indian precurser language of Tibeto-Burma languages.
Pyu and Bagan bricks--
Needs urgent protection as beads, ear plugs etc found in ancient wells have been lost--
Needs to be a designated UN heritage site.
Systematic excavation required--I wish U Aung Thaw could have been alive--
guu wun (laterite?) carvings.
Informal summary KMKaung
7-29-2016
Copied and pasted from Facebook below:
Jittoo Monywa သွားချင်တာအေ
*****************
အင်္ဂပူတောကြီးတန်းအတွင်း ပျူခေတ် အဆောက်အအုံပျက်များနှင့် အသုံးအဆောင် ပစ္စည်းများတွေ့ရှိ
-------- -------- -------
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် အတွင်းရှိ အင်္ဂပူတောကြီးတန်း အတွင်း
လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ရှိခဲ့သော ပျူခေတ်ဂ၀ံ
မြို့ဟောင်းကြီးဟု ယူဆရသည့် ပျူခေတ် အဆောက်အအုံပျက်များနှင့် အသုံးအဆောင်
ပစ္စည်းများ တွေ့ရှိထားကြောင်း သွားရောက် လေ့လာခဲ့သည့်
သမိုင်းသုတေသီများထံမှ သိရှိရသည်။
မြို့ဟောင်းကြီးသည် ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ တောင်ဇင်းကျေးရွာ၏ အနောက်ဘက် နှစ်မိုင်ကျော်ခန့် ကွာဝေးသော အင်္ဂပူတောကြီးတန်းအတွင်း တည်ရှိနေပြီး တွေ့ရှိထားသည့် ဘုရားစေတီနှင့် အဆောက်အအုံ ပျက်များတွင် ဘီစီ ၃ ရာစု(ဗုဒ္ဓခေတ်)နှင့် ဘီစီ ၆ ရာစု(အသောကခေတ်) အတွင်း သုံးစွဲခဲ့သော ဗြာဟ္မီ အက္ခရာများနှင့် ပျူအက္ခရာများ ရေးထိုးပါရှိသည့် လက်ရေးစင်း စပါးခွံ ပျူအုတ်ချပ်များနှင့် ပျူခေတ် ကျောက်ဆစ် နတ်ရုပ်များကိုလည်း တွေ့ရှိထားကြောင်း သမိုင်းသုတေသီများထံမှ သိရသည်။
တွေ့ရှိထားသည့် မြို့ဟောင်းကြီးသည် အ၀န်းပတ်လည် ရှစ်မိုင်ခန့်ရှိပြီး ဘယ်၊ ညာ နှစ်ဖက်တွင် ကာကင်းကုန်း နှင့် မျှော်ကင်းကုန်းဟု ယူဆရသည့် ရှေးဟောင်း ဂ၀ံကျောက်များဖြင့် တည်ဆောက်ထားသည့် ပေနှစ်ရာကျော်စီ ရှည်လျားသော တောင်တန်းကြီး နှစ်ခု တည်ရှိနေပြီး ပျူခေတ်၊ ပုဂံခေတ် အုတ်စီစနစ် (အုတ်ဒေါင် လိုက်စီ) နှင့် ပျူခေတ် စပါးခွံအုတ်ချပ်များ အသုံးပြုကာ တည်ဆောက်ထားသည့် ရှေးဟောင်း အုတ်လှေကား ရှည်ကြီးများလည်း တွေ့ရှိထားကြောင်း သွားရောက် လေ့လာခဲ့သူ သမိုင်းသုတေသီ ဆရာဘုန်းတင့်ကျော်က ပြောသည်။
“မြို့ဟောင်းကုန်းနဲ့ မြို့ဟောင်း ကုန်းပတ်လည်မှာရှိတဲ့ အဆောက်အအုံတွေက အုတ်ချပ်တွေမှာ ရေးထိုးပါရှိတဲ့ ရှေးခေတ်အက္ခရာတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ နှင့် ၂၃၀၀ ခန့်က ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ပြန်ပြနိုင်သလို ပျူခေတ်၊ ပျူယဉ်ကျေးမှုကို ဖော်ပြတဲ့ ပျူမြို့ပြတစ်ခု ဖြစ်ခဲ့မယ် ဆိုတာကို သက်သေခံနေပါတယ်” ဟု သွားရောက် လေ့လာခဲ့သူ သမိုင်းသုတေသီ ဆရာဘုန်းတင့်ကျော်က ပြောသည်။
မြို့ဟောင်းကြီး၏ အရှေ့ဘက်တွင် ကမ်းပြို တောရရွှေတောင်ဦးစေတီ တည်ရှိပြီး မူလလက်ရာကို လွန်ခဲ့သော ၂၅ နှစ်ခန့်က ပိန္ဒဲကွင်း ဆရာတော်ကြီးက ပြန်လည် ပြုပြင်ထားသော်လည်း စေတီတော် အင်္ဂါထောင့်နှင့် စနေထောင့်တွင် ပျူခေတ် မြေထိန်းနံရံများ၊ ဖောင်းရစ်တော်တွင်လည်း ရှေးဟောင်း ပျူအက္ခရာပါ စပါးခွံအုတ်များ တွေ့ရှိရပြီး အနီးတွင် ဂ၀ံကျောက် သပိတ်ကြီး တစ်ခုလည်း တွေရှိထားကြောင်း သိရသည်။
အနောက်ဘက်တွင် လေသာတောင် ဓမ္မိက ရှေးစေတီ၊ တောင်ဘက်တွင် စောပြရွာ ရှေးစေတီကုန်းနှင့် အုတ်ရေကန်ကြီး၊ မြောက်ဘက်ရှိ နှစ်ကျိပ်ရှစ်ဆူ ဘုရားများတွင်လည်း ပျူခေတ် အထောက်အထားများစွာ တွေ့ရှိထားကြောင်း ရောက်ရှိ လေ့လာခဲ့သူ သမိုင်းပညာရှင်များက ဆိုသည်။
မြို့ဟောင်းကြီး တွေ့ရှိထားရာနှင့် အနီးဆုံးနေရာတွင် တည်ရှိနေသော တောင်ဇင်းကျေးရွာ အတွင်း၌လည်း ပျူအက္ခရာများ ရေးထိုးထားသည့် စပါးခွံအုတ်များကို ပျူခေတ် အုတ်စီစနစ်ဖြစ်သော အပြားလိုက် သုံးလွှာ တြိဂံပုံ တစ်ရစ်ဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းရေတွင်း သုံးတွင်းရှိနေပြီး ခိုင်ခံ့သော အုတ်ချပ်များ၊ အုတ်စီစနစ်များ ဖြစ်၍ ပြန်လည်တူးဖော်ကာ ရွာသားများက ယနေ့တိုင် အသုံးပြုလျက်ရှိပြီး ရေတွင်းများနှင့် ပတ်ဝန်းကျင်မှ ရှေးခေတ် အသုံးအဆောင် မျိုးစုံ ရရှိသော်လည်း ပျောက်ဆုံးပျက်စီး ကုန်ကြပြီဖြစ်ကြောင်း တောင်ဇင်း ကျေးရွာသားများထံမှ သိရသည်။
"အဘ ၁၅ နှစ်သားက ရေတွင်းကို စဖော်တာ၊ တွင်းထဲက ရောင်စုံပုတီးလုံး၊ ဖန်လုံးတွေ ရပေမယ့် ငယ်တော့ မသိဘူး။ ဒီတိုင်း မေ့မေ့ပျောက်ပျောက်နဲ့ မရှိတော့ဘူး၊ ယောက္ခမတောင် ဒီရေတွင်းထဲက ရတဲ့ သလင်းနားတောင်းကြီး ပန်ပန်ပြီး လျှောက်သွားနေသေးတယ်၊ ဆေးတံတစ်ခုလည်း ရတယ် ပျောက်သွားပြီ" ဟု အသက် ၈၈ နှစ်အရွယ်ရှိ တောင်ဇင်းရွာသား ဦးတင်မောင်က ပြောသည်။
ယခု တွေ့ရှိထားသည့် ပျူခေတ် ဂ၀ံမြို့ဟောင်း နယ်မြေရှိ ရှေးဟောင်း အဆောက်အအုံများ စေတီပုထိုးများကို ဆက်လက် ပျက်စီးမှုမရှိစေရန်နှင့် ရှေးဟောင်း အဆောက်အအုံများကို ဆက်လက် ဖော်ထုတ်ရန် ယဉ်ကျေးမှုနယ်မြေ အဖြစ် ထိန်းသိမ်းပေးရန် လိုအပ်နေကြောင်း သမိုင်သုတေသီများထံမှ သိရသည်။
“ရှေးဟောင်းဌာနအနေနဲ့ တူးဖော်ကြည့်မှသာ ဘယ်နေရာမှာ ဘာအကြွင်းအကျန် ဘယ်နေရာမှာ ဘာအကြွင်း အကျန်တွေ ကျန်သေးသမျှ ရဖို့အလားအလာ များလာမှာပါ၊ ရာဇ၀င်တွေမှာ ရှာရတာ နှစ်ပေါင်း နှစ်ထောင်လောက် ကတည်းကိုက ဒီမြို့ကြီးက စာရင်းမတွေ့တော့ဘူး၊ တောကြီးဖုံးပြီး တိမ်မြုပ်သွားတာ အရမ်းကြာသွားတယ်” ဟု ရှေးဟောင်း ဂ၀ံမြို့ဟောင်းရှိ ကျပ်ပြင်တောရ စေတီတော်ကို ပြုပြင်စောင့်ရှောက် လျက်ရှိသည့် ဆရာတော် ဦးပညာသီရိက ပြောသည်။
ဂ၀ံမြို့ဟောင်းကြီး၏ မြေပေါ်တွေ့ အထောက်အထားများနှင့် မြေထဲတွေ့ အထောက်အထားများ စုံလင်လာပါက မြို့ဟောင်းကြီး၏ သမိုင်းကြောင်းကို ပြည့်စုံစွာ တွေ့မြင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ သမိုင်း၊ ဗုဒ္ဓသာသနာသမိုင်း၏ တိမ်မြုပ်နေသော သမိုင်းမှတ်တမ်း သစ်များကို ပြန်လည် ဖော်ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ထို့ကြောင့် တူးဖော်ရေး ပညာရှင်များအနေဖြင့် ထိုမြို့ဟောင်းအား မြန်မြန် တူးဖော်စေလိုကြောင်း ရှေးဟောင်းဂ၀ံ မြို့ဟောင်းရှိ ကျပ်ပြင်တောရ စေတီတော်ကို ပြုပြင်စောင့်ရှောက်နေသည့် ဆရာတော် ဦးပညာသီရိ ပြောပြချက်အရ သိရသည်။
ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တွင် တည်ရှိခဲ့သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းတို့အား ကုလသမဂ္ဂ ပညာရေးသိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်ဇွန်လ ၂၂ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် အစည်းအဝေးတွင် သတ်မှတ် ကြေညာခဲ့သည်။
သတင်း - MMK
The Ladies News Journal