Friday, May 26, 2017

Poem by ko ko thett--in Burmese

ကဗျာဆရာတွေ၊ ကဗျာဆရာတွေ



ကာမ ရာဂကို မျော့လို စုပ်ကြသူတွေ။
လောကကြီးကို ချစ်တဲ့ အချစ်တွေ ဘီယာမြှုပ်လို တဖွားဖွားထနေသူတွေ။
မဟာကရုဏာရှင်ကြီးတွေ။ အနှိုင်းမဲ့ မေတ္တာရှင်ကြီးတွေ။
တော်လှန်ရေး သမားကြီးတွေ။ ဆရာ့ ဆရာကြီးတွေ။
သင်္ခါရနဲ့  သိပ်နီးတဲ့ တရားသမားကြီးတွေ။
သူများဟာပဲ လိုချင်တတ်သူတွေ။
ဘာသာစကားနဲ့ ဘာသာတရား မကွဲပြားသူတွေ။
တယောက်အသုဘ တယောက်လှည့်တက်နေသူတွေ။
လာ၊ မလာ အကြောင်းပြန်ဆိုတဲ့ ဖိတ်စာပို့ရင် လာမယ်လည်းမပြော၊
မလာဘူးလည်း မဆို လျှစ်လျူရှူလိုက်တဲ့ဟာတွေ။
ပါးပါးလေး လှီးပြီး၊ အတုံးလိုက် အတစ်လိုက် ထည့်တတ်သူတွေ။
ပိုင်အောင်ချည် ရိုက်၊ သေမသေ အသေအချာ တုတ်ရှည်ရှည်နဲ့ တို့  ကြည့်ပြီးမှ
ပလိုင်းထဲ ကောက်ထည့်ရဲသူတွေ။
ဗူးသီး သီးရင် အရီးတော်ဖို့ အသင့်ရှိသူတွေ။
ဆယ်နှစ် ဆယ်မိုး နှပ်ထားတာတွေကို မေ့နေတတ်သူတွေ။
သေး နထင် ရောက်နေသူတွေ။
မြေပွေးရဲ့ ခါးပိုက်ထောင်ထဲက မြွေပွေးတွေ။
တလွဲဆန်ပင်ကောင်း၊ လက်မောင်း နားတောင်းပန်သူတွေ။
ဆေးမှင်ကြောင်ထိုးအပ်နဲ့ပေါက်ရင် ဘယ်လောက်နာနာ ခံနိုင်ပြီး
ဆံပင်ညှပ်ရမှာကျ သေမလောက်ကြောက်သူတွေ။
လောကကြီးကိုထမ်းပိုးထားပြီး မိသားစုတာဝန်မကြေသူတွေ။
ကျွန်စနစ်ကို ဆန့်ကျင်တဲ့ ကမ်ပိန်းကို ဦးဆောင်ပြီး
ခိုင်းကောင်းသူကို တပြားမှ မပေးဘဲ စွတ်ခိုင်းသူတွေ။
အမျိုးသမီးအခွင့်အရေးအတွက် အိမ်ကမိန်းမကို မှန်မှန် ပညာပေးသူတွေ။
ဘော်ဒီဆိုတဲ့စာလုံးကို မြန်မာလို စာလုံးပေါင်းမှန်ဖို့
အင်္ဂလိပ်အဘိဓာန်နဲ့  အရင်တိုက်ချင်သူတွေ။
ကဗျာအရာမှာ ပြီးမြောက်ရင် တခြားဘာလုပ်လုပ် ပြီးမြောက်တယ်။
အဲဒါကြောင့် ဆရာဝန် ကဗျာဆရာ၊ အိမ်ရှင်မ ကဗျာဆရာ၊ ပွဲစား ကဗျာဆရာ၊
ရုပ်ရှင်သမား ကဗျာဆရာ၊ ဘောလုံးသမား ကဗျာဆရာ၊ ဘောစိ ကဗျာဆရာ၊
ဝေဒနာရှင် ကဗျာဆရာ၊ ထုတ်ဝေသူ ကဗျာဆရာ၊
အံဆွဲအတွက်ပဲ ရေးတဲ့ ကဗျာဆရာ၊ ဂီတပညာရှင် ကဗျာဆရာ၊
စကြာဝဠာက ဩချရတဲ့ ကဗျာဆရာ၊ ကြေငြာရေးစားတဲ့ ကဗျာဆရာ၊
ပရိုဖက်ဆာ ကဗျာဆရာ၊ နိုင်ငံရေးသမား ကဗျာဆရာတွေ အောင်မြင်တာ။
တွေ့ရခဲတာက ကဗျာဆရာ ကဗျာဆရာ။
မရှိသလောက်ကို ရှားတာက ကဗျာဆရာ့ ကဗျာဆရာ။
အဲဒီထဲမှာ တချို့တွေက တက်ကြွပုံများ၊ လူရည်လည်ပုံများ
ဂျက်ပန်ကာထိပ်မှာ တို့ ထားတဲ့ ထုံးစက်က အဘခေါ်ရ။
မီးပြတ်သွားလို့ ငုတ်တုပ်မေ့နေမှ အဲဒီလိုဆရာမျိုးကို ဖမ်းမိတာ။
တချို့ ကျတော့ အ တာလား၊ လူကြောက်တာလား၊ အပျင်းထူတာလား မသိ၊
သူ့ ခြံထဲက သရက်တောင် ကြွေသီးပဲ  ခိုးကြောင်ခိုးဝှက် ကောက်စားတတ်။
အဲဒီဆရာမျိုးကို ဖူးချင်ရင် အရက်ပုလင်းနဲ့ သူ့ အိမ်ကိုသွားပါ။




--

Copilot Search --Raisonovsky--History of Russia.--Actually it's Riazanovsky.

Copilot Search Branding A History of Russia by Nicholas V. Riasanovsky A History of Russia is a widely acclaimed, comprehensive survey of R...